စိတ်ချမ်းသာမှုကို ပွေ့ဖက်ပါ

လူတွေက စိတ်မကြည်လင်တဲ့အချိန် စိတ်ညစ်စရာတွေကို ကိုယ့်စိတ်ထဲ မသိမသာ ထည့်ထားမိတတ်တယ်။ တချို့က အခန်းတံခါးပိတ်ပြီး ဘယ်သူနဲ့မှ စကားမပြောတော့ဘူး။ မကျေနပ်တာကို ရင်ထဲထည့်ထားပြီး တစ်ယောက်ထဲ စိတ်တိုဒေါသထွက်တတ်တယ်။ တချို့က မျက်မှောင်ကျုံ့ပြီး တောင်တောင်မြောက်မြောက် လျှောက်တွေးတတ်တယ်။ နောက်ဆုံးတော့ တွေးလေ စိတ်ညစ်လေ၊ ဒေါသထွက်လေ၊ ဝမ်းနည်းလေ ဖြစ်ကြရတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်စိတ်ကို ညှင်းပန်းနှိပ်စက်နေတဲ့အရာတွေ အပြင်ထွက်သွားအောင် ကိုယ့်စိတ်ပြတင်းပေါက်ကို ဖွင့်ပေးတတ်ရတယ်။

စိတ်ချမ်းသာမှုတစ်ခု ရချင်ရင် ပထမဦးဆုံး စိတ်ညစ်၊ စိတ်ဆင်းရဲစရာတွေထဲကနေ လွတ်မြောက်အောင် ကျွန်တော်တို့ အရင်ကြိုးစားသင့်တယ်။ စိတ်ညစ်စရာနဲ့ ကြုံတဲ့အခါ ခံစားချက် ဝန်ထုပ်ဝန်ပိုးတွေကိုချပြီး အဖြစ်မှန်ကို အရင်သုံးသပ်ကြည့်သင့်တယ်။ ပြီးမှ ဖြေရှင်းသင့်တဲ့အရာကို ဖြေရှင်းပြီး ဖြေရှင်းစရာမလိုတဲ့၊ ကိုယ့်စိတ်ကို ပိုရှုပ်ထွေးအောင်လုပ်တဲ့ အမှိုက်တွေကိုတော့ ဆုံးဖြတ်ချက် ဒုံးဒုံးချပြီး လွှင့်ပစ်တတ်ရမယ်။ ဒီလိုလုပ်ဆောင်နိုင်မှ စိတ်တွေလန်းဆန်းပြီး ဦးနှောက်တွေ ကြည်လင်လာနိုင်တယ်။ စိတ်ညစ်စရာတွေကို ဥပေက္ခာပြုတတ်ဖို့၊ စွန့်လွတ်တတ်ဖို့ လိုပါတယ်။


တကယ်တော့ အတွေးကိုပြောင်းလဲပြီး စိတ်သဘောထားကို အနည်းငယ်ပြုပြင်မယ် ဒါမှမဟုတ်


 အနေအထိုင်ပြောင်းပြီး ပတ်ဝန်းကျင်အသစ်ရှာမယ် စတာတွေနဲ့ စိတ်ဆင်းရဲစရာတွေကို ဖြေဖျောက်ပြီး စိတ်ချမ်းသာမှုတွေကို ကြိုဆိုနိုင်ပါတယ်။

ကျွန်တော့်မိတ်ဆွေတစ်ဦးက အမြဲတမ်း မျက်နှာရှစ်ခေါက်ချိုးနဲ့ ပြဿနာအသေးအမွှားအတွက် စိတ်တို၊ ဒေါသထွက်နေတတ်တယ်။ ကလေးတွေ အမှတ်မကောင်းလဲ သူ့ခမျာတစ်နေ့ကုန် စိတ်ညစ်နေတာပဲ။ သူ့အမျိုးသား မတော်တဆပြောမိတဲ့ စကားတစ်ခွန်းအတွက်နဲ့လည်း သူမစားနိုင်၊ မသောက်နိုင်ဖြစ်တတ်တယ်။ "ဘယ်လိုကိစ္စမျိုးမဆို ကျွန်မစိတ်ထဲမှာ အချိန်အကြာကြီးရှိနေတတ်ပြီး အလုပ်အကိုင်၊ နေထိုင်မှုတွေကို ထိခိုက်စေတဲ့ စိတ်ညစ်စရာတွေ ဖြစ်လာခဲ့တယ်" လို့ သူကဆိုပါတယ်။

တစ်နေ့မှာ စိတ်လက်မကြည်သာတဲ့အချိန် အရေးကြီးတဲ့အစည်းအဝေးတစ်ခု သူသွားရတယ်။ မှန်ထဲက မအီမသာဖြစ်နေတဲ့ ကိုယ်ရုပ်ကိုကြည့်ပြီး ကျွန်တော့်ကို သူဖုန်းဆက်တယ်။

"
ဘယ်လိုလုပ်ရင် ကောင်းမလဲ? ကျွန်မစိတ်တွေညစ်နေတယ်။ ကျွန်မရုပ်က ညှိးနွမ်းပြီး သွက်လက်ပုံမပြဘူး။ ဒီအစည်းအဝေးက အရေးကြီးလို့ပါ"

"
အဲဒီ ညစ်နေတဲ့စိတ်ကို လွတ်ချလိုက်ပါ။ ညှိးနွမ်းနေတာတွေပျောက်အောင် မျက်နှာသစ်လိုက်ပါ။ မျက်နှာကိုပြုပြင်ပြီး ကိုယ့်ကိုယ်ယုံကြည်မှုတွေ ထပ်ဖြည့်လိုက်ပါ။ ကိုယ်ဟာ ပျော်ရွှင်ချမ်းမြေ့သူတစ်ယောက်လို့ ထင်လိုက်ပါ။ ကိုယ့်ဟာ ပျော်ရွှင်မှု၊ ယုံကြည်မှုအပြည့်ရှိသူလို့ ထင်မှတ်ရင် ကိုယ့်ရဲ့စိတ်က ကြည်လင်လန်းဆန်းလာလိမ့်မယ်။ စိတ်ကြည်ရင် မျက်နှာကြည်မယ်၊ ပြုံးရွှင်မယ်"လို့ ကျွန်တော် အကြံပေးလိုက်တယ်။

အဲဒီညမှာ ကျွန်တော့်ဆီဖုန်းဆက်ပြီး "ဆရာ... ဒီတစ်ခေါက် အစည်းအဝေးမှာ ကျွန်မအောင်အောင်မြင်မြင် ပါဝင်နိုင်ခဲ့တယ်။ ပရော့ဂျက်အသစ်နဲ့ အလုပ်အသစ်ရလိုက်တယ်။ ကိုယ့်ကိုယ်ယုံကြည်မှုတွေ ဖြည့်လိုက်တာနဲ့ ယုံကြည်မှုတွေရလာမယ်၊ စိတ်ချမ်းသာမှုတွေဖြည့်ရင် စိတ်ညစ်စရာတွေ ပျောက်ကွယ်သွားမယ်ဆိုတာကို ကျွန်မတစ်ခါမှ တွေးထင်မထားခဲ့မိဘူး။ ဆရာရဲ့ အားပေးစကားတွေအတွက် ကျေးဇူးပါဆရာ"လို့ သူကပြောခဲ့တယ်။

ဒါဟာ စိတ်ကိုကုသတဲ့ နည်းဖြစ်တယ်လို့ သူ့ကို ကျွန်တော်ပြန်ပြောဖြစ်ခဲ့တယ်။

"
လူတွေက ကိုယ့်စိတ်ခံစားချက်ကို ပြောင်းလဲတတ်ရမယ်။ ဒါမှ အတွေးအမြင်သစ်နဲ့ အပြုအမှုတွေကို ပြောင်းလဲနိုင်မယ်" ဒီသဘောတရားက လည်ပတ်နေတယ်။ အတွေးပြောင်းရင် ခံစားချက်ပြောင်းတယ်၊ ခံစားချက်ပြောင်းရင် အတွေးသစ်ရတယ်။ ဒီသဘောတရားပဲဖြစ်ပါတယ်။

ဒီလိုနည်းတချို့ကို ကျွန်တော်တို့သတိပြုထားသင့်တယ်။

(
၁)ကိစ္စတစ်ခုကို စိတ်ရွှင်ရွှင်လန်းလန်းနဲ့ ကျွန်တော်တို့ လုပ်ဆောင်တော့မယ့်အခါ အထက်ကနည်းအတိုင်း ကိုယ့်စိတ်ထဲ ပျော်ရွှင်မှုတွေဖြည့်ပြီး စိတ်ညစ်စရာကို ပယ်ထုတ်လိုက်မယ်။ အမှိုက်အတွေးတွေနဲ့ ခံစားချက်အစုတ်တွေကို ကိုယ့်စိတ်ထဲကနေ လှဲကျင်းထုတ်လိုက်မယ်။

(
၂) စိတ်ဓာတ်မြှင့်စာတွေ ဖတ်ပြီး ကိုယ့်စိတ်ခွန်အားတွေကို ဖြည့်မယ်။

(
၃) ကိုယ့်အပြုအမှုကို ဂရုစိုက်ရမယ်။ ကိုယ်ကို ဖြောင့်မတ်အောင်ထားပြီး အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဝတ်ဆင်မယ်။ စိတ်လက်မပါ ငုပ်ငုပ်လျှိုးလျှိုး အပြုအမှုတွေက ကံမကောင်းခြင်းတွေရဲ့ စရိုက်လက္ခဏာဖြစ်တယ်။

(
၎) အန္တရာယ်အခက်အခဲကြားမှာ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားနိုင်ရမယ်။ တင်းကျပ်နေတဲ့ စိုးရိမ်စိတ်ကို ဖြေလျော့တတ်ရမယ်။ ဖြေလျော့နည်းက ဥပမာ - အားကစားလုပ်မယ်၊ တရားထိုင်မယ်၊ ခရီးထွက်မယ်။

(
၅) အမေရိကန်ကယ်ရီဖိုးနီးယားက စိတ်ပညာရှင် Ekmanက လေ့လာဆန်းစစ်ချက်တစ်ခု ပြုလုပ်ခဲ့တယ်။ Ekman က အစမ်းသပ်ခံသူတွေကို အံ့သြတာ၊ ကောက်ကျစ်တာ၊ စိတ်ဓာတ်ကျ၊ ဒေါသထွက်တာ၊ ကြောက်လန့်၊ ပျော်ရွှင်တာစတဲ့ အမူအရာတွေ လုပ်ခိုင်းစေခဲ့တယ်။ စမ်းသပ်ခံသူတွေ လုပ်လိုက်တဲ့ အပြုအမှုအတိုင်းပဲ သူတို့စိတ်လည်းလိုက်ပြီး ပြောင်းလဲသွားတာကို တွေ့ခဲ့ရတယ်။ ကြောက်လန့်တဲ့အပြုအမှု လုပ်လိုက်တဲ့ စမ်းသပ်ခံသူတစ်ယောက်ရဲ့ နှလုံးခုန်ချက်ဟာ မြန်ဆန်ပြီး ကိုယ်အပူချိန်ကျသွားကြောင်း တွေ့ရတယ်။ တခြားအပြုအမှုလုပ်သူတွေမှာလည်း မတူတဲ့ ပြောင်းလဲချက်တွေကို တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ ဘယ်လိုပြုမှုရင် စိတ်ခံစားချက်ကလဲလိုက်ပြီး ပြောင်းလဲတတ်ပါတယ်။

မူရင်း-- google search or 擁抱好心情

နိုင်းနိုင်းစနေ ဘာသာပြန်သည်။